.post a{font-weight:bold; text-decoration:none} .post a:hover{text-decoration:underline}

Pages

Monday, April 18, 2011

သိထားသင့်တဲ့ စင်ကာပူ (၇)

မောင်ပွတ်

www.thanlwin.comဒီတပတ်အတွက် သိထားသင့်တဲ့ စင်ကာပူမှာ စင်ကာပူ အစိုးရဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲတွေ အကြောင်း ဖော်ပြသွားမှာပါ။  ဖော်ပြတဲ့အခါမှာ စင်ကာပူ အစိုးရကို ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ ရွေးကောက်ပွဲတွေဟာ တရားမျှတမှု ရှိ၊ မရှိ စတာတွေကို ဝေဖန်ထောက်ပြသွားမှာ မဟုတ်ဘဲ သိထားသင့်တဲ့ အချက်အလက်လေးတွေကို တတ်နိုင်သလောက် အခြေခံပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်။

စင်ကာပူကျွန်းကို အပြည့်အဝ လွတ်လပ်ရေး ပေးတာ မဟုတ်ပေမယ့် ကိုယ်ပိုင်အစိုးရနဲ့  အုပ်ချုပ်ခွင့်ပြုတဲ့ “၁၉၅၈ စင်ကာပူ အက်ဥပဒေ” ကို ဗြိတိသျှပါလီမန်က ၁၉၅၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ပြဌာန်းပါတယ်။ ၁၉၅၉ မှာ အခြေခံဥပဒေအသစ် စတင် အသက်ဝင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ကျင်းပတဲ့ ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာ လီကွမ်ယူးဦးဆောင်တဲ့ People's Action Party (PAP) ပါတီက အမတ် နေရာ ၅၁ ခုမှာ ၄၃ ခုအတွက် ရွေးကောက်ခံခဲ့ကြရပြီး အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ လီကွမ်ယူးကို စင်ကာပူရဲ့ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ပြီး PAP ပါတီက ဝန်ကြီး ၉ ဦး ခန့်အပ် ခံရပါတယ်။ ၁၉၆၃ မှာ မလေးရှားနဲ့ ပူးတွဲ လွတ်လပ်ရေးပေးခဲ့ပြီး ၁၉၆၅ သြဂုတ်လ ၉ ရက်နေ့မှာတော့ အပြည့်အဝ လွတ်လပ်သော စင်ကာပူနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။
အစိုးရဖွဲ့စည်းပုံ

Westminster ပါလီမန်စနစ်ကို အခြေခံထားတဲ့ စင်ကာပူရဲ့ အခြေခံဥပဒေအရ အချုပ်အခြာအာဏာကို နိုင်ငံတော်သမ္မတနဲ့ အစိုးရဝန်ကြီးအဖွဲ့မှာ ထားရှိပါတယ်။ ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်ပြီး သမ္မတကတော့ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ဖြစ်ပါတယ်။ သမ္မတဟာ အထွဋ်အထိပ်ဖြစ်တယ် ဆိုပေမယ့် ဥပဒေ အတည်ပြုတာ၊ အခမ်းအနားတက်တာ စတဲ့ သမ္မတအဆင့် ကိစ္စတွေမှာသာ ပါဝင်ပတ်သက်လေ့ရှိပြီး အခြားအထွေထွေ ကိစ္စတွေမှာတော့ ဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။

သီးခြား စင်ကာပူရယ်လို့ ဖြစ်လာကတည်းက ဆိုရင် စုစုပေါင်း သမ္မတ ခြောက်ယောက် တင်မြှောက်ထားပြီး ဖြစ်ပါတယ်။ ပထမဆုံး သမ္မတကတော့ Yusof bin Ishak ဖြစ်ပြီး သူ့ရုပ်ပုံတွေကို နိုင်ငံသုံး ပိုက်ဆံတွေပေါ်မှာ ပုံနှိပ်ထားပါတယ်။ သူကွယ်လွန်တဲ့အခါ Benjamin Sheares က ဆက်ခံပါတယ်။ ၁၉၈၁ ခုနှစ်မှာ သူကွယ်လွန်တဲ့အခါ Chengara Veetil Devan Nair က သမ္မတအဖြစ် ဆက်ခံပါတယ်။ Mr.Nair မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရှိလာတာကြောင့် ၁၉၈၅ ခုနှစ်မှာ အရိုက်အရာက နုတ်ထွက်ခဲ့ပြီး သူ့ကို ဆက်ခံတဲ့ Wee Kim Wee ဟာ သမ္မတအဖြစ် ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင် သွားခဲ့ပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ၁၉၉၁ ခုနှစ်မှာ စင်ကာပူရဲ့ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပြီး အဲဒီ ဥပဒေအသစ်အရ သမ္မတကို တိုက်ရိုက် ခန့်ထားခြင်း မပြုတော့ဘဲ ပြည်သူတွေက ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ပထမဆုံးသော သမ္မတရွေးကောက်ပွဲကို ၁၉၉၃ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့ပြီး Ong Teng Cheong ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။
www.thanlwin.com
Ong Teng Cheong ဟာ သမ္မတ ပထမသက်တမ်း ခြောက်နှစ် ထမ်းဆောင်ပြီးတဲ့အခါ နောက်သက်တမ်း တစ်ကြိမ်အတွက် ပြန်လည်ဝင်ရောက်အရွေးခံခြင်း မပြုတော့ပါဘူး။ သူသမ္မတအဖြစ် တာဝန်စဉ်အတွင်း ၁၉၉၆ ခုနှစ်မှာ အသစ်ထပ်မံ ပြင်ဆင်လိုက်တဲ့ အခြေခံဥပဒေသစ်အရ သမ္မတရဲ့ ဗီတိုအာဏာကို ကန့်သတ်ခဲ့ပြီး ပါလီမန်အမတ် ၃ ပုံ ၂ ပုံ သဘောတူရင် ဗီတိုအာဏာကို ပယ်ဖျက်ခွင့်ပြုခဲ့ပါတယ်။ Mr.Ong ကိုဆက်ခံမယ့် သမ္မတရွေးကောက်ပွဲမှာတော့ လက်ရှိသမ္မတကြီး (အမေရိကန် သံအမတ်ကြီးဟောင်း) Sellapan Ramanathan (S.R. Nathan) ဟာ ပြိုင်ဘက်မရှိ ရွေးကောက်ခံခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ်မှာ သက်တမ်းပြည့်တဲ့အခါ Mr.Nathan က ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံခဲ့ပြီး ဒီတကြိမ်မှာလည်း သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်လောက်အောင် လိုအပ်ချက်ပြည့်မီသူ မရှိတဲ့အတွက်ကြောင့် သူ့ကိုပဲ သမ္မအဖြစ် ပြန်လည်တင်မြှောက်ထားခြင်းဖြစ်ပါတယ်။ Mr.Nathan ရဲ့ သမ္မတသက်တမ်းဟာ ၂၀၁၁ မှာပြည့်မှာဖြစ်ပါတယ်။

အစိုးရဝန်ကြီးအဖွဲ့ကို ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲကနေ တင်မြှောက်ပါတယ်။ ဝန်ကြီးချုပ်ကိုတော့ လွှတ်တော်အမတ်တွေထဲက ယုံကြည်ကိုးစားမှု အခံရဆုံး ပုဂ္ဂိုလ်ကို သမ္မတက ရွေးချယ်တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဝန်ကြီးချုပ်ဟာ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ခေါင်းဆောင်ဖြစ်လေ့ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ အကြံပေးချက်နဲ့ အညီ သမ္မတဟာ ဝန်ကြီးတွေကိုလည်း လွှတ်တော်အမတ်တွေထဲက ခန့်အပ်လေ့ ရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ကတော့ နိုင်ငံ့ဖခင်ကြီးလို့ ကင်ပွန်းတပ်ခံရတဲ့ လီကွမ်ယူးဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့ပြီးသလို ၁၉၅၉ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ အနိုင်ရခဲ့တဲ့ PAP ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ လီကွမ်ယူးကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ကို ၁၉၉၀ အထိ ကာလရှည်ကြာစွာ တာဝန်ယူခဲ့အပြီး ဂိုချောက်တောင်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးခဲ့ပေမယ့် တာဝန်က လုံးဝအနားယူသွားတာ မဟုတ်ဘဲ ဝါရင့်ဝန်ကြီး (Senior Minister) ဆိုတဲ့ ရာထူးနဲ့ အစိုးရအဖွဲ့ထဲမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲမှာလည်း PAP ပါတီက မဲ ၆၁% နဲ့ အနိုင်ရခဲ့လို့ ဂိုချောက်တောင်က ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။ PAP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရာထူးကိုလည်း ၁၉၉၂ ခုနှစ်မှာ လီကွမ်ယူးဆီက လွှဲပြောင်းရယူခဲ့ပါတယ်။ ဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ် သြဂုတ်လတိုင်အောင် တာဝန်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးရဲ့ သားကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ လီရှန်လွန်းကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့ပါတယ်။
www.thanlwin.com
အဲဒီအခါမှာ လီကွမ်ယူးက အကြံပေးဝန်ကြီးရာထူးကို ပြောင်းလဲရယူလိုက်ပြီး ဂိုချောက်တောင်ကတော့ ဝါရင့်ဝန်ကြီးရာထူးကို ဆက်ခံပါတယ်။ လီရှန်လွန်းဟာ နာမည်ကျော် Cambridge နဲ့ Harvard တက္ကသိုလ်ကြီးတွေမှာ ပညာသင်ခဲ့သူဖြစ်ပြီး Public Administration ဘာသာရပ်နဲ့ မာစတာဘွဲ့ရထားပါတယ်။ လက်ရှိမှာ တစ်နှစ်လစာငွေ အမေရိကန်ဒေါ်လာ ၂.၈ သန်းနဲ့ ကမ္ဘာမှာ လစာအများဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။ ဝင်ငွေတစ်နှစ် အမေရိကန်ဒေါ်လာ ၄ သိန်းသာရတဲ့ အမေရိကန် သမ္မတလစာနဲ့ ယှဉ်ရင် အတော်လေးများတာကို တွေ့ရမှာဖြစ်ပါတယ်။

စင်ကာပူအစိုးရကို အောက်ပါ ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

(၁) ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန
(၂) လူငယ်၊ အားကစားနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန
(၃) ကာကွယ်ရေး ဝန်ကြီးဌာန
(၄) ပညာရေး ဝန်ကြီးဌာန
(၅) သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ဝန်ကြီးဌာန
(၆) ဘဏ္ဏာရေး ဝန်ကြီးဌာန
(၇) နိုင်ငံခြားရေး ဝန်ကြီးဌာန
(၈) ကျန်းမာရေး ဝန်ကြီးဌာန
(၉) ပြည်ထဲရေး ဝန်ကြီးဌာန
(၁၀) သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် အနုပညာ ဝန်ကြီးဌာန
(၁၁) တရားရေး ဝန်ကြီးဌာန
(၁၂) အလုပ်သမား ဝန်ကြီးဌာန
(၁၃) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန
(၁၄) စက်မှုကုန်သွယ်ရေး ဝန်ကြီးဌာန
(၁၅) ပို့ဆောင်ရေး ဝန်ကြီးဌာန တို့ဖြစ်ပါတယ်။

ဒီဝန်ကြီးဌာန ၁၅ ခုထဲမှာ အလုပ် သို့မဟုတ် ကျောင်းလာတက်တဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေ အများဆုံး ပတ်သက်ဆက်ဆံနေရတဲ့ ဝန်ကြီးဌာနတွေကတော့ ပြည်ထဲရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ လူဝင်မှု ကြီးကြပ်စီစစ်ရေးအာဏာပိုင် (Immigration and Checkpoints Authority, ICA) ဆိုတဲ့ ဌာနကတော့ လေဆိပ်အဝင်အထွက်၊ အကောက်ခွန်၊ P.R လျှောက်ထားတာ၊ Student Pass လျှောက်ထားတာတွေကို တိုက်ရိုက်ကိုင်တွယ်တဲ့ ဌာနဖြစ်ပါတယ်။ အလုပ်ကို တိတိကျကျလုပ်ပြီး ညှိနှိုင်းရှင်းပြရခက်တဲ့ ဌာနတစ်ခုပါပဲ။ ကိစ္စတစ်ခုကို YES သို့မဟုတ် NO အဖြေပေးနိုင်တဲ့ အခွင့်အာဏာကို အပြည့်အဝအသုံးချလေ့ရှိပြီး မလိုအပ်ဘူးထင်ရင် အကြောင်းပြချက်တွေ ရှည်ရှည်ဝေးဝေး ရှင်းပြလေ့မရှိလို့ တခါတလေ သူတို့နဲ့ ဆက်ဆံရတာ အတော်လေး ကသိကအောက် ဖြစ်ရပါတယ်။ အလုပ်သမားဝန်ကြီးဌာန (Ministry of Manpower, MOM) ကတော့ အလုပ်သမားရေးရာတွေကို ကိုင်တွယ်ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာလို့ အလုပ်ခန့်အပ်ခံရတဲ့အခါ အလုပ်ရှင်က သင့်လျော်တဲ့ အလုပ် လုပ်ခွင့် (ဥပမာ E.P, Spass) ကို MOM မှာ လျှောက်ထားရတာဖြစ်ပါတယ်။ အခြား အလုပ်သမားရေးရာတွေဖြစ်တဲ့ လစာမရတဲ့ကိစ္စ၊ အလုပ်ချိန်ကိစ္စ၊ အလုပ်သမားနဲ့ အလုပ်ရှင်အကြားပြဿနာတွေကိုလည်း ဖြေရှင်းပေးတဲ့ ဌာနဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ MOM ဟာ အလုပ်သမားတွေဘက်က ရပ်တည်လေ့ရှိပါတယ်။ အလုပ်သမားအခွင့်အရေးတွေ၊ အခြားသိထားသင့်တာတွေကို MOM ရဲ့ အင်တာနက် စာမျက်နှာ ဖြစ်တဲ့ www.mom.gov.sg မှာ ဖတ်ရှုနိုင်ပါတယ်။
စင်ကာပူရွေးကောက်ပွဲများ

စင်ကာပူမှာ အဓိကရွေးကောက်ပွဲကြီး ၂ ခုရှိပါတယ်။ တစ်ခုကတော့ ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဖြစ်ပြီး နောက်တစ်ခုကတော့ ၄ နှစ်တစ်ကြိမ် ကျင်းပတဲ့  အထွေထွေရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ကျင်းပတဲ့သက်တမ်းလည်း သိပ်မကြာသေးသလို စိတ်ဝင်စားဖွယ် မရှိတဲ့ သမ္မတရွေးကောက်ပွဲအကြောင်းကိုတော့ ဒီဆောင်းပါးမှာ စိတ်မကောင်းစွာနဲ့ ချန်လှပ်ခဲ့မှာဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲအကြောင်းကိုတော့ သိသင့်တာလေးတွေ တတ်နိုင်သလောက် စုစည်း ဖော်ပြပေးသွားပါမယ်။

စင်ကာပူလွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်တိုင်အောင် ကျင်းပသမျှ ရွေးကောက်ပွဲတိုင်းမှာ လီကွမ်ယူးရဲ့ PAP ပါတီက အမတ်နေရာအားလုံး အနိုင်ရခဲ့တာက ထူးခြားတဲ့ မှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ် ရွေးကောက်ပွဲမှာမှ ပထမဆုံးအနေနဲ့ အတိုက်အခံပါတီက အမတ် ၂ နေရာရခဲ့ပါတယ်။ ယနေ့ထက်တိုင်အောင် PAP ပါတီဝင်မဟုတ်ဘဲ ပါလီမန်မှာ အရွေးခံရတဲ့ အတိုက်အခံအမတ် ၅ ဦးပဲရှိသေးတယ်လို့လည်း သိရပါတယ်။ နောက်ထပ် ထူးခြားမှုတစ်ခုကတော့ စင်ကာပူရွေးကောက်ပွဲတွေရဲ့ မဲဆန္ဒနယ် ၅၀% လောက်က အမတ်လောင်းတွေဟာ ယှဉ်ပြိုင်အရွေးခံမယ့် အခြားအမတ်လောင်းတွေ မရှိတာ သို့မဟုတ် အရည်အသွေး မပြည့်မီတာကြောင့် တိုက်ရိုက်ရွေးကောက်ခံကြရပါတယ်။ ဒီ ၅၀ ဆိုတဲ့ ရာခိုင်နှုန်းဟာ ကမ္ဘာအနှံ့ရွေးကောက်ပွဲ အရပ်ရပ်ကြားမှာ အတော်မြင့်မားတဲ့နှုန်းဖြစ်ပါတယ်။ www.thanlwin.comဒါကြောင့် မဲမပေးခင်ကတည်းက PAP ပါတီက အမတ်တွေဟာ အလိုလျောက် ရွေးကောက်ခံနေနှင့်ပြီး ဖြစ်နေတတ်ပါတယ်။ အခြားနိုင်ငံအချို့မှာလိုပဲ စင်ကာပူမှာလည်း အတိုက်အခံ ခေါင်းဆောင်တချို့ဟာ ထိန်းသိမ်း ခံထားရတာတွေ ရှိပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်များအတွင်းမျာ Lim Chin Siong ၊ Said Zahari နဲ့ Lim Hock Siew တို့လို အတိုက်အခံခေါင်းဆောင်တွေကို ရုံးတင် စစ်ဆေးခြင်းမပြုဘဲ ထိန်းသိမ်းခဲ့ပါတယ်။ အဖမ်းခံရသူတစ်ဦးဖြစ်တဲ့ Chia Thye Poh ဆိုရင် ထောင်ဒဏ် ၂၃ နှစ်ကျခံခဲ့ရပြီး ကမ္ဘာမှာ ထောင်သက်အရှည်ဆုံး နိုင်ငံရေး အကျဉ်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ထင်ရှားတဲ့ အတိုက်အခံပါတီ Singapore Democratic Party (SDP) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Dr.Chee Soon Juan ဆိုရင်လည်း ခွင့်ပြုမိန့် မရှိဘဲ လူစုလူဝေးနဲ့ တရားဟောပြောမှုအတွက် ထောင်ဒဏ် အပြစ်ပေးခံခဲ့ရပါတယ်။

စင်ကာပူမှာ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေဟာ Election Deposit လို့ခေါ်တဲ့ ရွေးကောက်ပွဲ အာမခံကြေး စင်ကာပူဒေါ်လာ ၁၃၅၀၀ သွင်းရပါတယ်။ ဒီငွေပမာဏဟာ အမတ်တစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေရဲ့ ၈% ရှိလို့ မနည်းလှပါဘူး။ တကယ်လို့ ရွေးကောက်ပွဲဝင်သူဟာ မဲ ၈ ပုံ ၁ ပုံထက် လျော့ပြီး ရခဲ့မယ်ဆိုရင် အဲဒီငွေကို ပြန်ပေးတော့မှာမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်က သိမ်းယူမှာဖြစ်ပါတယ်။ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့ စင်ကာပူနိုင်ငံသားတိုင်း မဲပေးခွင့် ရှိပါတယ်။ မဲဆန္ဒနယ် သတ်မှတ်ရာမှာတော့ Group Representation Constituencies (GRC) လို့ခေါ်တဲ့ စုပေါင်းမဲဆန္ဒနယ် ၁၄ ခုသတ်မှတ်ထားပြီး GRC တစ်ခုကို အမတ်နေရာ ၅ နေရာ သို့မဟုတ် ၆ နေရာအထိ ရွေးကောက်ပါတယ်။ Single Member Constituencies (SMC) လို့ခေါ်တဲ့ အမတ်တစ်နေရာသာ ရွေးကောက်တဲ့ မဲဆန္ဒနယ်ကတော့ ၉ ခုရှိပါတယ်။ ၂၀၀၆ ခုနှစ်ရွေးကောက်ပွဲမှာ အမတ်နေရာစုစုပေါင်း ၈၄ နေရာအတွက် ရွေးကောက်ခဲ့ကြပါတယ်။  ဒီ ၈၄ နေရာမှာ လက်ရှိအနိုင်ရပါတီဖြစ်တဲ့ PAP ပါတီကပဲ ၈၂ နေရာအနိုင်ရခဲ့ပြီး Workers' Party က တစ်နေရာ၊ Singapore Democratic Alliance က တစ်နေရာစီသာ ရခဲ့ကြပါတယ်။  ဒါကြောင့် PAP ပါတီကပဲ မဲအပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရအဖွဲ့ကို ၁၉၆၅ ခုနှစ်ကတည်းက ဦးစီးလာတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း မကြာခင်ကျင်းပတော့မယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ အနိုင်ရပါတီအစိုးရဖွဲ့တဲ့အခါ တရားမျှတမှု ရှိပါစေ၊ တည်ကြည်ခိုင်မာ ယုံကြည်စိတ်ချရတဲ့ အစိုးရဖြစ်ပါစေလို့ ဆုတောင်းရင်း ဒီတပတ်အတွက် သိထားသင့်တဲ့ စင်ကာပူကို အဆုံးသတ်လိုက်ရပါတယ်။
သံလွင်အိပ်မက် အတွဲ (၂) ၊ အမှတ် (၂) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၁) - သယ်ယူပို့ဆောင်ရေး
သံလွင်အိပ်မက် အတွဲ (၂) ၊ အမှတ် (၃) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၂) - နေထိုင်မှုစနစ်
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၁) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၃) - ပညာရေး
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၂) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၄) - အလုပ်အကိုင် အခွင့်အလမ်းများ 
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၃) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၅) - အလုပ်အကိုင် အခွင့်အလမ်းများ (နောက်ဆက်တွဲ)   
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၄) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၆) - ငွေကြေးနှင့် ဘဏ်များ

မောင်ပွတ်
http://www.thanlwin.com/new/index.php?option=com_content&task=view&id=2019&Itemid=272
ကိုမောင်ပွတ် ဒီလောက် သေသေချာချာ လေ့လာပြီး ဝေမျှပေးထားတာ ကျေးဇူး တင်ပါတယ်။

Share/Bookmark

No comments:

Post a Comment