.post a{font-weight:bold; text-decoration:none} .post a:hover{text-decoration:underline}

Pages

Wednesday, November 18, 2009

" ဘယ်သူ အပျိုစစ်ပါသလဲ "

ကျွန်မနဲ့သူကချစ်သူတွေပါ
လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာဆိုင်မှာပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့
"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..
လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင် ၊
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး
ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မအကျင့်ကိုး ၊
ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ...အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက " တဲ့ ၊
ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။
စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ...အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး" တဲ့ ၊
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။
သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်၊ နာမည်ကချောချောတဲ့..။
ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။
LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊
စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့
ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊
လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊ ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။
ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ ကျွန်မသိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊
ရော်...ဘာတွေလဲကွယ်...။
အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ ၊ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်
မတွေ့ရတော့ပါဘူး။
အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။
ဖိတ်စာကသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ် ။
မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ် ။
အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊
အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။
ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ..
ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..
ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။
အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ထင်ပြီး ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ် ၊
စာထဲပါတာကတော့..
" ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ ၊
အိမ်ကရှာပေးတာ ၊ ငါလဲနှစ်သက်တယ် ၊
သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် " လေတဲ့ ။
ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်တယ် ။
ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။
ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို
" ဘယ်သူ အပျိုစစ်ပါသလဲ " လို့ ပေးမိမှာပါ ။ ။
View Forever's blog
Reade more >>

ကောင်းသောနေ့များဖြစ်ပါစေ

တူညီတဲ့ဘဝမှာ မတူတဲ့စိတ်သဘောထားနဲ့ အရာတစ်ခုကို ကြည့်တဲ့အကြည့်နှစ်ခုက တူမှာမဟုတ်ပါဘူး။ အကောင်းမြင်စိတ်၊ ခွင့်လွတ်နားလည်စိတ်နဲ့ ကိုယ့်ကိုဂရုစိုက်မယ်၊ ကိုယ့်ကိုအတင်းအကြပ် မလုပ်ဘူး၊ ကိုယ့်ကို သိမြင်မယ်၊ အဓိက,က ကိုယ့်ကိုအောင်နိုင်ဖို့၊ မှန်မှန်ကန်ကုန် အသက်ရှင်ဖို့ဖြစ်တယ်။ ဒါမှ မျှော်လင့်ချက်ဆိုတာရှိမယ်။

ကိုယ့်ကိုစိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့လူက အဝေးကိုထွက်သွားခဲ့ပြီ၊ ကိုယ်က နေရာမှာရပ်ပြီး သူ့ကို ဒေါသထွက်နေတုန်း...

စကားတစ်ခွန်းက ဒီလိုရှိပါတယ်။

"စိတ်တို၊ ဒေါသထွက်တယ်ဆိုတာ တစ်ခြားလူရဲ့အမှားနဲ့ ကိုယ့်ကိုအပြစ်ပေးနေတာပါ" တဲ့။ တစ်ခြားရှုထောင့်ကနေ ကိုယ့်ကိုမြင်အောင်ကြည့်ရင် "ပင်ပန်းတယ်၊ မောတယ်၊ ပျော်တယ်၊ ဇိမ်ကျတယ်" ဆိုတာ ကိုယ့်စိတ်ထဲကနေဖြစ်လာတဲ့ စိတ်အခြေအနေ(mood)ပဲ ဖြစ်တယ်။ အဲဒါတွေက လူ၊ အရာဝတ္တုအပေါ်ထားမယ့် ကိုယ့်သဘောထား၊ စိတ်ခံစားချက်တွေကို အကျိုးသက်ရောက်စေတယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘွားအိုတစ်ဦးမှာ သမီးနှစ်ယောက်ရှိတယ်။ သမီးကြီးက ထီးရောင်းသူနဲ့ အိမ်ထောင်ပြုပြီး သမီးငယ်က အထည်ဆေးဆိုးတဲ့အလုပ် လုပ်တယ်။ ဒီအတွက် အဘွားအို မပျော်ရွှင်ခဲ့ဘူး။ အကြောင်းက နေသာရင် သမီးကြီးရဲ့ ထီးတွေရောင်းမထွက်မှာစိုးပြီး မိုးရွာခဲ့ရင် သမီးငယ်ရဲ့ ဆေးဆိုးထည်တွေ မခြောက်မှာ တွေးပူနေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အဘွားအိုဟာ နေသာလည်းစိတ်ညစ်၊ မိုးရွာလည်း စိတ်ညစ်ခဲ့ရတယ်။ မကြာပါဘူး.. အဲဒီစိတ်နဲ့ အဘွားအိုရဲ့ဆံပင်တွေ လိုတာထက် ပိုဖြူပြီးအိုစာသွားခဲ့ရတယ်။

တစ်နေ့မှာ အဝေးကမိတ်ဆွေတစ်ဦး ရောက်လာခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အိုစာသွားတဲ့အဘွားအိုကို ကြည့်ပြီး မိတ်ဆွေက တအံ့တသြမေးမိတယ်။ အဘွားအိုက သူခံစားနေရတဲ့သောကကို ပြောပြလိုက်တယ်။ မိတ်ဆွေက ရယ်ပြီး "မိုးရွာရင် သမီးကြီးရဲ့ထီးရောင်းရမယ်၊ နေသာရင် သမီးငယ်ရဲ့ ဆေးဆိုးထည်တွေ ခြောက်မယ်။ ဒီလိုအတွေးက ကိုယ့်ကို နေ့တိုင်းပျော်ရွှင်စေတာပဲ မဟုတ်လား? နေ့တစ်နေ့တိုင်းက ကောင်းတဲ့နေ့ဖြစ်တယ်။ ဒါကိုဝမ်းမသာဘဲ ဘာဖြစ်လို့ သောကတွေ ခံစားနေရသလဲ?" လို့ ပြောလိုက်တယ်။ အဘွားအိုလည်း ကိုယ့်အတွေးကို တစ်ခြားရှုထောင့်ကနေ တွေးကြည့်ခံစားပြီး နေ့တိုင်း ပြုံးရယ်နိုင်ခဲ့တော့တယ်။

လူ့ဘဝလမ်းတစ်လျှောက်က အဆင်ပြေချောမွေ့တာချည်းပဲ မဟုတ်ဘူး။ ခလုတ်တိုက်ချော်လဲတဲ့ အချိန်လည်းရှိမယ်။ စိတ်တိုဒေါသထွက်တဲ့ အချိန်လည်းရှိမယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတဲ့အခါလည်းရှိမယ်။

ဒဿနိက ပညာရှင်တစ်ဦးက ဒီလိုဆိုထားပါတယ်။
"ကျွန်တော်တို့ရဲ့ ထိခိုက်နာကျင်မှုကို ပြဿနာ၊ ကိစ္စရပ်တွေက သယ်ဆောင်လာခဲ့တာ မဟုတ်ဘူး။ ပြဿနာ ကိစ္စရပ်တွေအပေါ် ကိုယ်မြင်တဲ့အမြင်ကနေ ဖြစ်လာတာဖြစ်တယ်"

တစ်ခြားရှုထောင့်ကနေ ကိုယ့်ကိုမြင်အောင်ကြည့်ရင် ဘဝကိုသက်တောင့်သက်သာ ရင်ဆိုင်နိုင်မယ်၊ ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နိုင်မယ်၊ ပူဆွေးသောကတွေကို အောင်နိုင်မယ့် သင်ခန်းစာမျိုး၊ အောင်မြင်မှုမျိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။ လူ့ဘဝရဲ့ ရင့်ကျက်မှုကို တွေ့နိုင်မှာဖြစ်တယ်။ တစ်ခြားလူရဲ့အမှားနဲ့ ကိုယ့်ကိုစိတ်တို၊ ဒေါသထွက်အောင် အပြစ်တင်မိမှာ မဟုတ်တော့ဘူး။

မူရင်း- google search or 愿您天天是好

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Reade more >>